နော်ဝေနဲ့ ပေါ်တူဂီ ပွဲမတိုင်ခင် အာလင်း ဟာလန်းက ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောပြခဲ့ပါတယ်။
“မနေ့က ကျွန်တော် ခရစ္စတီယာနို နဲ့ စကားပြောဖြစ်ခဲ့တယ်။ ‘သိလား… ကျွန်တော် ငယ်ငယ်တုန်းကဆို ခင်ဗျားကို တော်တော် စိတ်ပျက်ဖို့ကောင်းတယ်လို့ ထင်ခဲ့တာ’ လို့ သူ့ကို ပြောလိုက်တယ်။
သူက ကျွန်တော့်ကို ကြည့်ပြီး ‘ဘာလို့လဲ’ လို့ မေးတယ်။
ကျွန်တော်က ‘ဘာလို့လဲဆိုတော့ ရာသီတိုင်းမှာ ခင်ဗျား ဂိုး ၅၀၊ ၆၀ သွင်းပြနေပြီး ဒါကို အေးဆေး ပုံမှန်ကိစ္စတစ်ခုလို လုပ်ပြနေလို့ပဲ။ ကလေးတစ်ယောက်အနေနဲ့ အဲဒါကို ကြည့်နေရတဲ့အခါ တိုက်စစ်မှူးတစ်ယောက်ဆိုတာ ဒီလိုပဲ လုပ်ရမှာပါလားလို့ ထင်မိသွားတယ်’ လို့ ပြန်ပြောပြခဲ့တယ်။
သူက ပြုံးပြီး ‘ကောင်းတာပေါ့၊ အလုပ်ဖြစ်သွားတာပဲ’ လို့ ပြောတယ်။ ’အခုမှပဲ အဲဒါက ပုံမှန်မဟုတ်မှန်း ကျွန်တော် နားလည်တော့တယ်’ လို့ သူ့ကို ပြောလိုက်တဲ့အခါ၊ သူက ‘မဟုတ်ဘူး။ အခု လူတွေက မင်းဆီကနေလည်း အဲဒီလိုမျိုး မျှော်လင့်လာကြပြီမို့လို့ မင်း နားလည်သွားတာ’ လို့ ပြန်ပြောတယ်။
အဲဒီစကားက ကျွန်တော့်ရင်ထဲမှာ စွဲကျန်ရစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ၊ ဖိအားတွေ၊ နောက်တန်းခံစစ်မှူးတွေနဲ့ ဘောလုံးလောကရဲ့ ဆန်းကြယ်မှုတွေအကြောင်း ပြောဖြစ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကဆိုရင် ကျွန်တော် သူ့ကို ငေးကြည့်ရင်း ခံစစ်မှူးတွေက သူ ဘာလုပ်မလဲဆိုတာ ကောင်းကောင်းသိနေရက်နဲ့ ဘာလို့ တားလို့မရတာလဲဆိုတာကို လေ့လာခဲ့ရတာ။
အခုတော့ ခံစစ်မှူးတွေ ကျွန်တော့်ကို အဲဒီလို တားဆီးဖို့ ကြိုးစားနေတာတွေအကြောင်း သူ့နဲ့ ပြန်ပြောနေရပြီ။ ကျွန်တော်တို့ စကားမပြတ်ခင်မှာ ခရစ္စတီယာနို က ‘ငါ့မှာ မင်းအတွက် ဆုတောင်းတစ်ခုရှိတယ်’ လို့ ပြောတယ်။ သူ စံချိန်တွေ ရိုက်ချိုးဖို့အကြောင်း ပြောတော့မယ်လို့ ကျွန်တော် ထင်ခဲ့တာ။
သူက ‘တစ်နေ့နေ့မှာ ဘလွန်ဒေါဆုကို ဆွတ်ခူးပါ၊ မင်းက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို ကြိုးစားမှုလည်းရှိတယ်၊ အချိန်တွေအများကြီး ကျန်ပါသေးတယ်။ မင်း အဲဒီဆုရတာကို မြင်ရရင် ငါ ဂုဏ်ယူမိမှာပါ’ လို့ ပြောပါတယ်။ ကျွန်တော်က ‘ခင်ဗျားဆီက ဒီလိုစကားမျိုး ကြားရတာ တကယ်ပဲ အဓိပ္ပာယ်ရှိပါတယ်’ လို့ ပြန်ပြောခဲ့တယ်။
အဲဒီမှာ သူက ‘ဒါပေမဲ့ ငါလုပ်ခဲ့သမျှ အရာတိုင်းကိုတော့ လိုက်ကူးချစရာ မလိုပါဘူး။ စံချိန်အချို့ကိုတော့ ဒီအတိုင်း ချန်ထားခဲ့ပါဦး’ လို့ ပြောပြန်တယ်။ ကျွန်တော်က ‘ဘယ်စံချိန်တွေကိုလဲ’ လို့ မေးလိုက်တော့၊
သူက ‘အာလင်း ရေ… ငါတို့ မကြာခင် ပွဲကစားကြတော့မယ်၊ ငါ စကားတွေ အများကြီး ပြောမိသွားပြီ’ လို့ ပြန်ပြောခဲ့ပါတယ်။”