အက်စတန်ဗီလာနဲ့ ကျွန်တော်တို့ မန်ယူနိုက်တက်ကြားမှာ ကွာခြားချက်က ၃ မှတ်တည်းပါပဲ။
လက်ရှိမှာ ဗီလာက အဆင့် ၁၉ နေရာ ရောက်နေပြီး မန်ယူက အဆင့် ၁၃ မှာ ရပ်တည်နေတာပါ။ အကယ်လိုသာ နောက်တစ်ပွဲမှာ ကျွန်တော်တို့ ရှုံးပြီး ဗီလာက အနိုင်ရသွားခဲ့ရင် ယူနိုက်တက်တစ်သင်းလုံး အဆင့် ၁၉ အထိ လျော့သွားမယ့် အခြေအနေ ရောက်နေပါတယ်။
အသင်းကို ဖျက်ဆီးနေတယ်၊ စည်းကမ်းမရှိဘူးဆိုပြီး စွပ်စွဲကာ ကစားသမားကောင်းအချို့ကို ရောင်းထုတ်ခဲ့ပြီးမှ အခုလို အဆင့်အထိ ထိုးဆင်းသွားရတာကိုတော့ အခုထိ နားမလည်နိုင်အောင်ပါပဲ။
ယူနိုက်တက် ပရိသတ်တစ်ယောက်အနေနဲ့ တကယ်ကို စိတ်ပျက်ရပါတယ်။ ရာသီအစတုန်းက မိုက်ကယ် ကာရစ် (Michael Carrick) က သူကိုယ်တိုင် သေချာ ပြင်ဆင်ခွင့်မရခဲ့တဲ့ အသင်းနဲ့တောင် အဆင့် ၃ အထိ ပို့ပေးခဲ့တာမို့၊ သူ့စိတ်ကြိုက် တည်ဆောက်ထားတဲ့ အသင်းနဲ့ဆို ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတောင် စိန်ခေါ်နိုင်လိမ့်မယ်လို့ အားလုံး ကြီးကြီးမားမား မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ကစားသမားတွေရဲ့ အရည်အသွေးအစစ်အမှန်ကို ထည့်မတွက်ခဲ့ကြပါဘူး။
မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်တို့နဲ့ ယှဉ်ကြည့်ရင် လက်ရှိ ယူနိုက်တက် ကစားသမားတွေရဲ့ ခြေစွမ်းအရ အဆင့် ၁၅ (သို့) ၁၆ လောက်မှာ ရှိနေတာကပဲ တရားမျှတမှု ရှိနေသလိုပါပဲ။
ကစားသမားတွေကို နှိမ့်ချတာ မဟုတ်ပါဘူး။ သူတို့က အရည်အသွေး ရှိကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ ဆုဖလားတွေကို ဆာလောင်မွန်းသိပ်တဲ့ စိတ်ဓာတ်မျိုး မရှိကြတာပါ။
မန်စီးတီးကိုပဲ ကြည့်ပါ… ဂိုးတစ်ဂိုး ပေးလိုက်ရရင် အသင်းတစ်ဖွဲ့လုံး ဘယ်လောက်အထိ စိတ်ပျက်ဒေါသထွက်သွားကြသလဲ။ ကျွန်တော်တို့ဆီမှာတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) က အသင်းဖော်တွေကို တိုက်တွန်းမယ့်အစား ဒိုင်လူကြီးတွေကိုပဲ မကျေမနပ် သွားအော်နေတာမျိုးကိုပဲ အမြဲ မြင်တွေ့နေရတာပါ။
ဒါပေမဲ့ဗျာနည်းပြ မိုက်ကယ် ကာရစ်ကိုတော့ ကျွန်တော်တို့ အချိန်ပေးသင့်တုန်းပါပဲ။ ဒီရာသီမှာ တန်းဆင်းဇုန် တိုက်ပွဲအထိ ရောက်သွားခဲ့ရင်တောင်မှ နောက်ရာသီကျရင်တော့ ရပ်တည်နိုင်ရုံတင် မဟုတ်ဘဲ အနိုင်ရရှိချင်တဲ့ စိတ်ဓာတ်အပြည့်ရှိတဲ့ ကစားသမားတွေကို တွေ့မြင်လာရလိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ။