ပြီးခဲ့သည့် ပွဲစဉ်များတွင် ရဂိုး ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို နောက်တန်းက ပြန်ပေးလိုက်ရသည့် ချဲလ်ဆီးအသင်းသည် ယနေ့ ဘရန့်ဖို့ဒ်နှင့် ပွဲစဉ်တွင်မူ ၃ ဂိုး – ဂိုးမရှိ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။ ဤနိုင်ပွဲကြောင့် ဘရန့်ဖို့ဒ်အသင်းသည် ယခုရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး မန်ယူနဲ့ ၁၀ ဆင့်အကွာက အမှတ်ပေးဇယား အဆင့် ၃ သို့ တက်လှမ်းနိုင်ခဲ့သလို၊ ချဲလ်ဆီးအသင်းကတော့ အဆင့် ၇ သို့ ကျသွားခဲ့ရပါတယ်။
ပွဲအပြီး ဘရန့်ဖို့ဒ် နည်းပြကြီးက လက်သီးလက်မောင်းတန်းပြီး သူငယ်ချင်း နေတိုးနှင့်အတူ “သူငယ်ချင်း ချဲလ်ဆီးကို ကျေးဇူးတင်ပါတယ်” ဟု ပြောရင်း အားရပါးရ အောင်ပွဲခံနေတာ အိမ်ရောက်ရင်တော့ ထွန်းရွှေဝါ ၃ ဗူးလောက် လိမ်းရမည့်ကိန်း ဖြစ်နေတာပါ။ ချဲလ်ဆီး၏ ခံစစ်အခြေအနေမှာ တန်းဆင်းဇုန်ထဲက အသင်းတွေထက်ပင် ပိုမို ဆိုးရွားနေပြီး ရင်ဆိုင်ရသည့် အသင်းတိုင်းကို ပျော်ရွှင်စေမည့် “ဂိုးအလှူတော်အသင်း” ဖြစ်လာပါပြီ။
UCL ဝင်ခွင့်မရတဲ့အခါ ပွဲစဉ်ခြားပြီး အားနေလို့ မလေးရှားချစ်ကြည်ရေးသွားကန်တာ ဂျိုးဟိုးကလပ်အသင်းကို ၃ ဂိုးလှူခဲ့သဖြင့်၊ သူငယ်ချင်း မန်ယူအသင်း အာဆီယံအောစတားနှင့် ကစားစဉ်က ၁ ဂိုးသာ ပေးခဲ့ရမှုနှင့် ယှဉ်လိုက်ပါက ချဲလ်ဆီး ပရိသတ်များအနေဖြင့် အပြင်ထွက်လျှင် “ဂိုးအလှူ့ဒကာကြီးများ” ဟု အခေါ်ခံရမည့် ကိန်း ဆိုက်နေပါတယ်။
ပွဲစဉ်တိုင်းတွင် ဘယ်သူလာလာ အလှူပေးနေသည့် ချဲလ်ဆီး၏ နောက်တန်း ခံစစ်အပေါက်ကို ဖာထေး၍ မရနိုင်တော့သည့်အပြင်၊ ကစားသမားများကို ပြန်လည် ရောင်းချရန်ပင် မလွယ်ကူတော့ဘဲ “ယူချင်သည့်အသင်း လာယူကြပါ” ဟု ကစားသမားများကိုပါ အလကား အလှူပေးလိုက်ရမည့် အဆင့်သို့ ရောက်ရှိနေပါတယ်။
ကမ္ဘာဖလား ရွှေလက်အိတ်ဆုရ ဂိုးသမား မာတီနက်ဇ်တောင်မှ “ငါတော့ ချဲလ်ဆီးကို ပြောင်းလာတာ မှားပြီထင်တယ်” ဟု နောင်တရနေရလောက်သည့် ယခုပွဲစဉ် အခြေအနေနှင့် ပတ်သက်၍ ချဲလ်ဆီး မိတ်ဆွေတို့ ဘယ်လို ခံစားရလဲ။ ဇာဘီ အလွန်ဆို အနေနဲ့ နောက်တန်းက ဖုန်းတစ်ဂိုးရှင် ခံစစ်ကို ဘယ်လို ပြုပြင်သင့်သလဲဆိုတာ အကြံလေးပေးလိုက်ကြပါအုံး