မက်ဆီနှင့် ရော်နယ်ဒိုတို့၏ ခြားနားသော ဇာတ်သိမ်း

ဘောလုံးကမ္ဘာသည် ဆယ်စုနှစ် ၂ ခုနီးပါးကြာအောင် ရာဇပလ္လင်တစ်ခုတည်းပေါ်တွင် ဘုရင်နှစ်ပါး ပြိုင်ဆိုင်စိုးမိုးခဲ့သည့် ရွှေရောင်ခေတ်စနစ်တစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ထိုစိုးမိုးမှု၏ ထိပ်ဆုံး၌ ရပ်တည်ခဲ့သူများမှာ လီယိုနယ် မက်ဆီနှင့် ခရစ်စတီယာနို ရော်နယ်ဒိုတို့ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံး အချိန်၏ တိုက်စားမှုအရ နေဝင်ချိန်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ သို့သော်လည်း ကစားသမားဘဝ၏ နောက်ဆုံးစာမျက်နှာများကို ပုံဖော် ရေးထိုးကြပုံခြင်းကား ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလွန်းလှပေသည်။

တစ်ဦးက မွေးရပ်မြေ၏ အကြီးမြတ်ဆုံး ဂုဏ်ပြုဆုများ၊ ပြည်သူတို့၏ အချစ်တော်အဖြစ် ထာဝရ ဘုရင်တစ်ပါးလို ဘိသေက မြှောက်ခံနေရချိန်တွင် အခြားတစ်ဦးမှာမူ အရာရာကို ပေးဆပ်ခဲ့သည့် ကလပ်များနှင့် လက်ရွေးစင်အသင်းထံမှပင် စိုစွတ်သော မျက်ရည်တစ်ပေါက်ဖြင့် မဟုတ်ဘဲ ခါးသီးသော လမ်းခွဲခြင်းများဖြင့်သာ ဇာတ်သိမ်းနေရရှာသည်။

“ရီးရဲလ်၊ မန်ယူနိုက်တက်မှသည် ပေါ်တူဂီအထိ သွေးအေးလွန်းသော လမ်းခွဲခြင်းများ”

ခရစ်စတီယာနို ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးခဲ့သည့် ဂန္ထဝင်တိုက်စစ်မှူးကြီး ဖြစ်ခဲ့သော်လည်း စန်တီယာဂို ဘာနေဗျူးကွင်းမှ ထွက်ခွာခဲ့စဉ်က သင့်တော်သည့် သီးသန့်နှုတ်ဆက်ပွဲ တစ်ခုမျှ ပေးအပ်ခြင်း မခံခဲ့ရပေ။

အိမ်ပြန်လမ်းအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့သည့် မန်ချက်စတာ ယူနိုက်တက်တွင်လည်း နည်းပြနှင့် အဖွဲ့ချုပ်၏ ဆက်ဆံရေးအက်ကြောင်းများမှတစ်ဆင့် စာချုပ် ဖျက်သိမ်းကာ အမုန်းများနှင့် လမ်းခွဲခဲ့ရသည်။

ပို၍ ရင်နာစရာကောင်းသည်မှာ ၎င်း၏ သွေးနှင့် ချွေး၊ ဘောလုံးဘဝ အရာရာကို ပေးဆပ်ခဲ့သည့် ပေါ်တူဂီ လက်ရွေးစင်အသင်း၌ပင် နေဝင်ချိန် နှုတ်ဆက်ခါနီးတွင် ကတောက်ကဆများဖြင့် နိဂုံးချုပ်ရမည့် ကိန်းဆိုက်နေခြင်း ဖြစ်သည်။

UEFA Nations League ပွဲစဉ်များတွင် နော်ဝေနှင့်ပွဲ၌ ကြာရှည်စွာ သွေးပူလေ့ကျင့်ခန်း ဆင်းခိုင်းပြီးမှ ကစားခွင့်မပေးခဲ့သလို၊ ဒိန်းမတ်နှင့်ပွဲတွင်လည်း အရန်ခုံ၌သာ ထိုင်ရမည်ဟု နည်းပြ ဂျော့ဂ်ျ ဂျီးဆပ်၏ ပြောဆိုမှုအပြီးတွင် ရော်နယ်ဒိုသည် အသင်း လေ့ကျင့်ရေးစခန်းမှ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။

“ကျွန်တော် အမြဲတမ်း ပေးဆပ်ခဲ့တဲ့ လက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်း အမှန်ကို သင့်တော်တဲ့အချိန်မှာ ပေါ်တူဂီပြည်သူတွေကို ထုတ်ဖော်ပြောပြသွားပါမယ်” ဟု ရော်နယ်ဒိုက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ကြေကွဲစွာ အတည်ပြုခဲ့သည်။

အမျိုးသား လက်ရွေးစင် သမိုင်းတစ်လျှောက် ၁၄၆ ဂိုးဖြင့် စံချိန်တင်ထားပြီး ဂိုး ၁,၀၀၀ ပြည့်ရန် ကြိုးစားရုန်းကန်နေသည့် ဂန္ထဝင်တစ်ဦးအပေါ် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြအဖွဲ့၏ သွေးအေးစွာ ကိုင်တွယ်မှုသည် ဘောလုံးပရိသတ်များ၏ ရင်ကို ကွဲအက်စေခဲ့သည်။

အောက်တိုဘာ ၂ ရက်နေ့ ဒိန်းမတ်နှင့်ပွဲစဉ်တွင် ရော်နယ်ဒိုမပါဘဲ ၎င်း၏ သမိုင်းဝင် ကျောနံပါတ် ၇ ကို ရာဖေးလ် လီယာအိုအား ဝတ်ဆင်ကစားစေခဲ့ခြင်းက ရော်နယ်ဒို၏ စေတနာကို ပေါ်တူဂီအသင်းနှင့် နည်းပြအဖွဲ့က အဖက်မလုပ်သည့် သင်္ကေတတစ်ခုလို ဖြစ်သွားခဲ့သည်။

“အာဂျင်တီးနား၏ အချစ်တော် ‘ဒေါက်တာ မက်ဆီ’ နှင့် ကျောနံပါတ် ၁၀ ၏ ထာဝရဂုဏ်ပုဒ်”

အခြားတစ်ဖက်တွင်မူ လီယိုနယ် မက်ဆီ၏ နိုင်ငံအသင်း နောက်ဆုံးနှုတ်ဆက်ပွဲ ပြင်ဆင်မှုများမှာ တောက်ပလွန်းလှသည်။ အာဂျင်တီးနားနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သည့် ဗျူနိုအေးရိစ် တက္ကသိုလ် (UBA) က မက်ဆီ၏ ထူးချွန်ထက်မြက်မှု၊ ဇွဲလုံ့လ၊ နှိမ့်ချမှုနှင့် နိုင်ငံအတွက် တာဝန်ကျေပွန်စွာ ပေးဆပ်ခဲ့မှုများကို အသိအမှတ်ပြု၍ အမြင့်ဆုံး ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ‘Doctor Honoris Causa’ ဘွဲ့ကို ပေးအပ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

လာမည့် အောက်တိုဘာ ၆ ရက်တွင် မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကစားပေးမည့် ဘီနင်အသင်းနှင့် ပွဲမတိုင်မီ အက်စတာဒီယို မွန်နူမန်တယ် ကွင်းကြီးအတွင်း ပရိသတ်ပေါင်း ထောင်သောင်းမက၏ ရှေ့မှောက်၌ ‘ဒေါက်တာ မက်ဆီ’ အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့ကို တန်းဆာဆင် ပေးအပ်သွားမည် ဖြစ်သည်။

၂၀၂၁ ကိုပါအမေရိက၊ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၄ ကိုပါအမေရိက ချန်ပီယံဆုများကို ဆွတ်ခူးပေးခဲ့သည့် ပြည်သူ့အချစ်တော်ကြီးအတွက် ၎င်း၏ အမှတ်သင်္ကေတ နံပါတ် ၁၀ ကျောနံပါတ်ကိုပါ အပြီးတိုင် အနားပေးရန် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) က ကြိုးပမ်းနေကြသည်။

ဖီဖာ (FIFA) ၏ စည်းမျဉ်းများအရ ပြိုင်ပွဲကြီးများတွင် နံပါတ် ၁ မှ ၂၆ အထိ အစဉ်လိုက် ဝတ်ဆင်ရမည်ဖြစ်၍ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက မာရာဒိုနာ၏ နံပါတ် ၁၀ အနားပေးရေး တောင်းဆိုမှုကို ငြင်းပယ်ခဲ့သကဲ့သို့ မက်ဆီ၏ နံပါတ် ၁၀ ကိုလည်း ဖီဖာက ပယ်ချနိုင်သော်လည်း အာဂျင်တီးနားအဖွဲ့ချုပ်ကမူ ခြေစမ်းပွဲစဉ်များတွင် နံပါတ် ၁၀ ကို လူစာရင်းမှ လုံးဝ ချန်လှပ်ထားသည့် နည်းလမ်းဖြင့် မက်ဆီအား ထာဝရ ဂုဏ်ပြုသွားရန် သန္နိဋ္ဌာန် ချထားသည်။

“ဇာတ်သိမ်းနှစ်ခု ခြားနားသွားရခြင်း၏ နောက်ကွယ်မှ စိတ်နေစိတ်ထား”

ဧကရာဇ်နှစ်ပါး၏ နေဝင်ချိန် ဇာတ်သိမ်း ကွဲပြားခြားနားသွားရခြင်း၏ အဓိက သော့ချက်မှာ ‘စနစ် သို့မဟုတ် အသင်းထက် မည်သူမျှ မကြီးမြတ်နိုင်’ ဆိုသည့် ဘောလုံးလောက၏ ပရော်ဖက်ရှင်နယ် သဘောတရားနှင့် သူတို့၏ စိတ်နေစိတ်ထား (Mindset) ကွာခြားမှုကြောင့် ဖြစ်သည်။

မက်ဆီသည် ကစားသမားဘဝ အစမှ အဆုံးအထိ အသင်းဖော်များ၊ နည်းပြများနှင့် နိုင်ငံအပေါ် အနစ်နာခံလိုစိတ်၊ နှိမ့်ချမှုနှင့် ‘အသင်းလိုက် စိတ်ဓာတ်’ကို ဦးစားပေးခဲ့သဖြင့် ၎င်း၏ အနားယူချိန်တွင် အားလုံး၏ ချစ်ခင်မြတ်နိုးမှုနှင့် အမြင့်ဆုံး ဂုဏ်ပြုဆုများကို ရရှိခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရော်နယ်ဒို၏ အောင်မြင်မှုကို ဆာလောင်တတ်သည့် တစ်ကိုယ်တော် ကြိုးစားအားထုတ်မှုနှင့် မာနထန်သည့် စိတ်ဓာတ်သည် ၎င်းအား ထိပ်ဆုံးသို့ ပို့ဆောင်ပေးခဲ့သော်လည်း၊ ဇရာ၏ တိုက်စားမှုအရ စွမ်းဆောင်ရည် ကျဆင်းလာချိန်တွင်ပင် မိမိကိုယ်ကို ဗဟိုပြုလိုစိတ်(Ego) ကို လျှော့ချ၍ အပြောင်းအလဲကို လက်မခံနိုင်ခဲ့ခြင်းက နည်းပြများ၊ အဖွဲ့ချုပ်များနှင့် ဆက်ဆံရေး အက်ကြောင်းထစေခဲ့သည်။

အသက်အရွယ်အရ အကန့်အသတ်များကို လက်ခံပြီး အသင်း၏ အခန်းကဏ္ဍသစ်၌ ပေါင်းစပ်မသွားနိုင်ဘဲ ကိုယ်ကိုယ်တိုင်သာ အမြဲတမ်း ပထမဖြစ်လိုသည့် မာနကြောင့်ပင် အရာရာကို ပေးဆပ်ခဲ့သည့် လက်ရွေးစင်အသင်းနှင့် ကလပ်များထံမှ ခါးသီးစွာ လမ်းခွဲခဲ့ရသည့် အထီးကျန်ကြွေလွင့်မှုဖြင့် ဇာတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

“အထီးကျန်စွာ ကြွေလွင့်ရတော့မည့် စစ်ဘုရင်ကြီး၏ ဝမ်းနည်းဖွယ် နိဂုံး”

မက်ဆီသည် ၎င်း၏ လက်ရွေးစင် အနားယူပွဲတွင် တစ်နိုင်ငံလုံး၏ ချစ်ခင်မြတ်နိုးမှု၊ ပညာရေးဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုနှင့် နံပါတ် ၁၀ ထာဝရ သိမ်းဆည်းခံရမှုတို့ဖြင့် သိက္ခာရှိစွာ နေဝင်ချိန်ကို လှပစွာ ပုံဖော်ခွင့်ရတော့မည်ဖြစ်သည်။

သို့သော် ရော်နယ်ဒိုအတွက်မူ ၎င်း၏ ဇွဲ၊ လုံ့လ၊ ကြိုးစားမှုများနှင့် ပေးဆပ်ခဲ့သမျှ အရာရာတို့သည် အဆုံးသတ်တွင် နည်းပြ၏ လျစ်လျူရှုမှု၊ အဖွဲ့ချုပ်၏ သွေးအေးမှုတို့နှင့်အတူ အထီးကျန်စွာ နိဂုံးချုပ်သွားရတော့မည့် လိပ်ခဲတည်းလည်းအခြေအနေတွင် ရှိနေသည်။

ဧကရာဇ်နှစ်ပါး၏ ခေတ်တစ်ခေတ် အဆုံးသတ်ချိန်၌ မက်ဆီသည် ဂုဏ်ပြုပန်းစည်းများကြားမှ တံခါးမကြီးအတိုင်း အားလုံး၏ သြဘာသံများနှင့်အတူ အနားယူသွားနိုင်ရန်သေချာသည့်အခြေအနေတွင် ရှိနေသော်လည်း၊ ရော်နယ်ဒိုကမူ အနောက်ဘက်တံခါးမှတစ်ဆင့် စိုစွတ်သော မျက်ဝန်းများနှင့်အတူ အထီးကျန်စွာ ထွက်ခွာသွားရမည့် အခြေအနေသည် ဘောလုံးချစ်သူများ၏ ရင်ထဲတွင် ထာဝရ မေ့ပျောက်နိုင်တော့မည် မဟုတ်သည့် ရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းတွင် ကျန်ရစ်နေတော့မည် ဖြစ်သည်။

မကြာမီရက်ပိုင်းအတွင်း မြင်တွေ့ရတော့မည့် မက်ဆီ၏ ခမ်းနားဆန်းပြားသော နှုတ်ဆက်ပွဲစဉ်နှင့်အတူ၊ အခြားတစ်ဖက်မှ ရော်နယ်ဒိုနှင့် ပေါ်တူဂီတို့၏ ခါးသီးသော လမ်းခွဲမှု အနုပညာဇာတ်သိမ်းကိုပါ ဘောလုံးကမ္ဘာတဝန်းလုံးက စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားကြရတော့မည် ဖြစ်သည်။

Ref: https://www.facebook.com/mmpressphoto/posts/