“အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးစားပါ့မယ်” ဆိုလာတဲ့ အာဆင်နယ်နည်းပြ အာတေတာ

“ပထမဆုံးအနေနဲ့ အနိုင်ရရှိသွားတဲ့ ဘရိုက်တန်အသင်းကို ဂုဏ်ပြုချင်ပါတယ်။ သူတို့ဟာ ယနေ့ပွဲမှာ အရမ်းကောင်းခဲ့ပါတယ်”

“ဘရိုက်တန်တို့က ကစားကွက်ပိုင်းဆိုင်ရာ ကဏ္ဍအားလုံးမှာ ကြီးစိုးထားနိုင်ပြီး နည်းပြပိုင်းအရလည်း အလွန်ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်ထားကြပါတယ်”

“သူတို့မှာ သတ်မှတ်ထားတဲ့ ကစားပုံစံတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ကစားကွက်ဆိုင်ရာ အခြေခံသဘောတရားကောင်းတွေ ရှိကြသလို၊ ကစားကွက်ချိတ်ဆက်မှုကောင်းပြီး ပြိုင်ဘက်ကို အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်”

“ကျွန်တော်တို့အတွက်တော့ တကယ်ကို စိတ်ပျက်မိပါတယ်။ ပွဲအစ မိနစ် ၂၀၊ ၃၀ လောက်မှာ နည်းစနစ်ပိုင်းဆိုင်ရာ အမှားအယွင်းတွေ များပြားခဲ့တာက ကျွန်တော်တို့ကို အဆက်မပြတ် ဖိအားတွေအောက် ရောက်ရှိစေခဲ့ပါတယ်”

“ပွဲရဲ့ ပထမအစိတ်အပိုင်းတွေထဲမှာ အနိုင်ရရှိမှု မယူနိုင်ခဲ့ဘူးဆိုရင် ပွဲကို လွှမ်းမိုးဖို့ အနိုင်ရဖို့ အရမ်းခက်ခဲသွားပါတယ်”

“ကျွန်တော်တို့ ဘောလုံးပြန်ရရှိတဲ့အခါမှာလည်း နည်းစနစ်ပိုင်းဆိုင်ရာတွေပါ မှားယွင်းခဲ့ပြီး ဘရိုက်တန်အသင်းနဲ့ တစ်ယောက်ချင်း ဘောလုံးကို ပြိုင်ဆိုင် ဖိအားပေးလုယူမှုတွေမှာလည်း ကျွန်တာ်တို့ ညံ့ဖျင်းခဲ့ပါတယ်။ ဘောလုံးက ၅၀-၅၀ အနေအထားတွေမှာလည်း သူတို့က ကျွန်တော်တို့ဘက် ပိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုံမှန်လုပ်နေကြ ကစားနေကြပုံစံကိုတောင် မလုပ်နိုင်ခဲ့ကြပါဘူး”

“ကျွန်တော်တို့မှာလည်း လွှမ်းမိုးမှုနဲ့ ထိန်းချုပ်မှုတွေ ရနိုင်တဲ့အခိုက်အတန့်တွေ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဲဒီလုပ်ဆောင်ချက်တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ အရည်အသွေးမျိုးမရှိနေခဲ့ပဲ လွဲချော်ခဲ့ရပါတယ်”

“ဘရိုက်တန်အသင်းက ကျွန်တော်တို့ကို အနိုင်ယူနိုင်တဲ့ အခြားအားသာချက်တွေလည်း ရှိနေတဲ့အတွက် သူတို့ကို ထပ်ပြီး ဂုဏ်ပြုပါတယ်။ ဒီအဆင့်မှာ အရေးအကြီးဆုံးက လေးစားမှုနဲ့ ကျွန်တော်တို့ထက် ဘာတွေပိုစွမ်းဆောင်နိုင်ခဲ့လဲဆိုတာကို နားလည်အောင်ကြိုးစားရမှာပါ”

“ဒီနေ့ပွဲအဖြစ်အပျက်ဟာ သင်ခန်းစာယူစရာ ကြီးမားတဲ့အချက်တစ်ခုပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းရဲ့ လုပ်ဆောင်ချက်တွေက ထူးခြားကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ သင်ယူစရာတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်ခြေစွမ်းအဆင့်နဲ့ ယှဉ်ရင် ဒီနေ့ပွဲမှာ အများကြီး လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးစားပါ့မယ်” လို့ အာဆင်နယ်နည်းပြ အာတေတာက ပွဲပြီးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတေတာကတော့ ပွဲတစ်ပွဲကို ရှုံးခဲ့ရရင်လည်း အရှုံးကို ဝန်ခံဖို့ ဘယ်တော့မှာ မရှက်ခဲ့သလို အမှားတွေကနေ သင်ယူဖို့ အမြဲကြိုးစားစိတ်ရှိနေပါတယ်။ ပြိုင်ဘက်တွေအပေါ်လည်း ချီးကျူးဖို့ ဝန်မလေးသလို အရှုံးအတွက်လည်း ပြိုင်ဘက်ကို ဝေဖန်ပြစ်တင်တာတွေ လုပ်လေ့မရှိပါဘူး။ ပြီးတော့ သူ့ရဲ့ အာဆင်နယ်ကစားသမားတွေကိုလည်း ထုတ်ဖော် အပြစ်တင်ပြောဆိုလေ့မရှိတာတွေကို ယခုဘရိုက်တန်ကို ဂိုး ပြတ်နဲ့ရှုံးခဲ့အပြီး ပွဲပြီးအင်တာဗျူးမှာ ဖြေသွားတာတွေကြည့်ပြီး ပိုသိရပါတယ်။

Ref: https://www.facebook.com/ArsenalMyanmarNews/posts/