တော့တင်ဟမ်ဟော့စပါးဟာ နယ်သာလန်နောက်ခံလူ Micky van de Ven ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ တရားဝင်ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။
နဂိုမူရင်းစာချုပ်က ၂၀၂၉ထိ သက်တမ်းရှိတဲ့ ခြောက်နှစ်စာချုပ်လို့ ဆိုပါတယ်။
ရာသီအစောပိုင်းက Van de Ven ဟာ စာချုပ်သစ်ဆွေးနွေးဖို့ စိတ်မဝင်စားခဲ့ဘဲ အနာဂတ်အပေါ် မသေချာမှုတွေရှိခဲ့ပါတယ်။ ကျားချောင်း ချောင်းတဲ့အသင်းတွေလည်း ပေါ်ပေါက်လာခဲ့ပြီး တန်းဆင်းမှ အောက်ဈေးနဲ့နှိုက်မယ် ဆိုတာကပါ ပါသေးတယ်။ ကစားသမားကိုယ်တိုင်ကလည်း ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဖော် ပြခဲ့ကြတာပါ။ ဒါပေမယ့် နည်းပြ Roberto De Zerbi ရောက်ရှိလာပြီးနောက် အသင်းရဲ့ ဦးတည်ချက်၊ ကစားပုံနဲ့ ရည်မှန်းချက်တွေ သိသိသာသာ ပြောင်းလဲလာတာကြောင့် ကစားသမားဘက်က သဘောထားလည်း ပြောင်းလဲလာခဲ့တယ်လို့ သိရပါတယ်။
နည်းပြ အန့်ဂျ်ပေါ်စတီကိုဂလူးရဲ့ ခေါ်ယူမှုတစ်ခုဖြစ်ပြီးအသက် ၂၅ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ ၂၀၂၃ ခုနှစ်မှာ ဝေါ့ဖ်ဘတ်ဂ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက စပါးရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာပြဿနာတွေကြားက အသင်းအတွက် ၄၅ ပွဲဝန်းကျင် ကစားပေးခဲ့ပြီး နည်းပြသစ်ရဲ့ စီမံကိန်းမှာ မရှိမဖြစ်အဓိကအဖွဲ့ဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဘက်က Van de Ven ကို “မရောင်းနိုင်တဲ့ ကစားသမား” အဖြစ် သတ်မှတ်ထားပြီး၊ ကလပ်ရဲ့ ရေရှည်စီမံကိန်းကို သူ့ကိုဗဟိုပြုတည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။
Van de Ven ကိုယ်တိုင်လည်း မကြာသေးမီက အင်တာဗျူးမှာ အသင်းရဲ့ အပြောင်းအလဲတွေကို ချီးကျူးခဲ့ပြီး နည်းပြသစ်နဲ့ ကစားသမားသစ်တွေ ရောက်လာတာက ကလပ်ရဲ့ ရည်မှန်းချက်အသစ်ကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေတွေက စာချုပ်သစ်ချုပ်ဆိုဖို့ ပိုမိုနီးစပ်လာစေတဲ့ အချက်အဖြစ် မြင်နေကြပါတယ်။
စာချုပ်သစ်ကို တရားဝင်ကြေညာရသေးတာတော့ မရှိသေးပေမယ့်၊ လက်ရှိအခြေအနေအရ နှစ်ဖက်စလုံးဟာ ဆွေးနွေးမှုတွေကို အပြုသဘောနဲ့ ဆက်လက်လုပ်ဆောင်နေပြီး တော့တင်ဟမ်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ချက်များလာနေပါတယ်။ ဘာဖြစ်ဖြစ် ဒီလိုကစားသမားမျိုးဟာ လက်မလွှတ်သင့်တဲ့ ခြေစွမ်းမျိုး ရှိနေသူဖြစ်တာကြောင့် ထိန်းသိမ်းသင့်တယ်လို့ မြင်မိပါတယ်။