ကိုမိုအသင်းဟာ သုံးလကြာ အဓိက ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ စတေဒီယို ဂျူဆက်ပီ ဆီနီဂါဂလီယာ (Stadio Giuseppe Sinigaglia) ကွင်းမှာ ချန်ပီယံလိဂ် ပွဲစဉ်တွေကို လက်ခံကျင်းပဖို့ UEFA ထံကနေ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ပါတယ်။
ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကိုမိုအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာအဆင့် (၄) နေရာ ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာပါ။
ဒါပေမဲ့ ကွင်းပြင်ပမှာ အသင်းရဲ့ အခြေခံအဆောက်အအုံတွေက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် UEFA သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မမီခဲ့လို့ ဆာဆူအိုလို အသင်းရဲ့ ကွင်းကို အစားထိုး အသုံးပြုဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ကိုမိုအသင်းဟာ လွန်ခဲ့တဲ့ သုံးလအတွင်း ဆီနီဂါလီယာကွင်းရဲ့ အဆောက်အအုံတွေကို အကြီးစား မွမ်းမံခဲ့ပါတယ်။ အခုအခါ UEFA တာဝန်ရှိသူတွေက ဒီရာသီ အိမ်ကွင်းအဖြစ် အသုံးပြုဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
စီရီးအေကလပ်ဟာ မန်ယူအသင်းအပြင် ဥရောပချန်ပီယံ ပီအက်စ်ဂျီ၊ အာဘီ လိုက်ပ်ဇစ်နဲ့ AEK အေသင် တို့နဲ့ League Phase အဆင့် ပွဲစဉ်တွေတွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
ကိုမိုအသင်းအနေနဲ့ ကွင်းပြင်ဆင်ရေးကို အချိန်မီ ပြီးစီးရမှာဖြစ်လို့ ၂၀၂၅-၂၆ ရာသီ ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ပြီးပြီးချင်းမှာ လုပ်ငန်းတွေကို စတင်ခဲ့တာပါ။ ၂၀၀၂-၀၃ ရာသီကတည်းက ယာယီဆောက်လုပ်ခဲ့တဲ့ ဂိုးနောက်ဘက်ခြမ်း ပွဲကြည့်စင်တနေရာကို UEFA စံချိန်စံညွှန်းနဲ့ မညီတာကြောင့် အပြီးပိုင် ဖြိုဖျက်ခဲ့ပြီး ခိုင်မာတဲ့ အုတ်မြစ်ပါတဲ့ ကွန်ကရစ် ပွဲကြည့်စင်သစ်နဲ့ အစားထိုးခဲ့ပါတယ်။
ကွင်းမြက်ခင်းသစ် ခင်းကျင်းခဲ့ပြီး နှစ်မီတာခွဲခန့် ပိုမိုကျယ်ဝန်းအောင် ပြုလုပ်ခဲ့သလို ကစားသမားတွေ ဝင်ထွက်တဲ့ ဥမင်နဲ့ အရန်ခုံတန်းတွေကိုလည်း နေရာသစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ မီဒီယာအဆောက်အအုံနဲ့ အထောက်အကူပြု ပစ္စည်းတွေ၊ အဝတ်လဲခန်းတွေ၊ TV စတူဒီယိုနဲ့ သတင်းစာရှင်းလင်းပွဲခန်းမ အသစ်တွေကိုလည်း တိုးမြှင့်ပြင်ဆင်ခဲ့ပါတယ်။
UEFA က ရုပ်သံ ထုတ်လွှင့်သူတွေ နဲ့ မီဒီယာ အဆောက်အအုံတွေ အတွက် သီးသန့် နေရာအများအပြား လိုအပ်တာကြောင့် ကိုမိုအသင်း ဟာ ဒေသတွင်း ကောလိပ်တခုနဲ့ ပူးပေါင်းပြီး နောက်ထပ် ကားရပ်နားနေရာ ၁၅၀ ကိုလည်း ဖြည့်ဆည်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မီးသတ်ဌာနတို့ဟာ ကွင်းပြင်ဆင်မှုတွေကို လုံခြုံရေး အဘက်ဘက်က စစ်ဆေးအတည်ပြုပေးခဲ့ကြပြီး၊ ဒါဟာ ကိုမိုအသင်းအနေနဲ့ ချန်ပီယံလိဂ်ပွဲတွေကို မိမိတို့ရဲ့ အိမ်ကွင်းမှာပဲ လက်ခံကျင်းပနိုင်ဖို့အတွက် အဓိကကျတဲ့ ခြေလှမ်းတရပ် ဖြစ်ခဲ့ပါတယ်။
“ဒါဟာ မယုံနိုင်စရာ အတွေ့အကြုံတခုပါပဲ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ ခုနှစ်နှစ်ကမှ စီးရီးဒီ (Serie D) မှာ ရှိနေခဲ့တာပါ။ အခုတော့ စီးရီးအေနဲ့ ချန်ပီယံလိဂ် ရောက်နေပါပြီ။”လို့ လို့ ကိုမိုအသင်း ဥက္ကဋ္ဌ မီရ်ဝမ် ဆူဝါဆို က Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။
“ယုံတောင် မယုံနိုင်သေးပါဘူး။ ကျွန်တော်တို့အတွက်တော့ ဒီနေရာမှာ ရှိနေရရုံနဲ့တင် အလွန်ကို အရေးပါပါတယ်။ ကျွန်တော်တို့က တရက်ချင်းစီအတွက်ပဲ အကောင်းဆုံး စဉ်းစားပြင်ဆင်သွားမှာပါ။ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်သလို ဒီအခိုက်အတန့်ကိုလည်း အပြည့်အဝ ခံစားသွားပါမယ်။
“ကျွန်တော်တို့ လုပ်နိုင်တာက အကောင်းဆုံး ကြိုးစားဖို့ပဲ ရှိတာပါ။ ရလဒ်တွေကတော့ ကျန်တာကို သက်သေပြသွားပါလိမ့်မယ်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်ကတော့ (ဒီပြိုင်ပွဲ/အခိုက်အတန့်ကို) အပျော်ရွှင်ဆုံး ခံစားသွားဖို့ပါပဲ။”