အန်းဖီးမှာ ရှုံးခဲ့တာ ဒိုင်ကြောင့်လား၊ အာဆင်နယ်ကို မယှဉ်နိုင်ခဲ့လို့လား

အန်းဖီးမှာ ရှုံးခဲ့တာ ဒိုင်ကြောင့်လား၊ အာဆင်နယ်ကို မယှဉ်နိုင်ခဲ့လို့လား။ လီဗာပူးလ်ရဲ့ ပယ်နယ်တီတောင်းဆိုမှုတွေနောက်ကွယ်က မမြင်ခဲ့ရတဲ့ ဖြစ်ရပ်များ

အန်းဖီးမှာ အာဆင်နယ်ကို ရှုံးအပြီး လီဗာပူးလ်က ရသင့်တဲ့ ပယ်နယ်တီတွေ မရလို့ ရှုံးတယ်ဆိုပြီး အရှုံးကို လက်မခံနိုင်ပဲ စောဒက တက်နေကြတယ်။ အထူးသဖြင့် အန်းဖီးမှာ ၁၄ ပွဲမြောက် ရှုံးပွဲကို လက်မခံနိုင်ဖြစ်နေကြတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် ပွဲပြီးအချက်အလက်တွေအရ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းဘက်ကို Shot on Target တစ်ကြိမ်တောင်မရခဲ့ပဲ သုညသာ ရရှိခဲ့ပါတယ်။

တကယ်ဆို ပွဲမှာ ဂျူရီယန် တင်းဘားက အီဆက်ခ်ရဲ့ အင်္ကျီကို ဆွဲထားတာ ပယ်နယ်တီက ပေးရင် ပေးလို့ရလားဆိုရင် ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အမြင်အရ တင်းဘားက အင်္ကျီဆွဲထားခဲ့တာ မှန်ပေမဲ့ ပင်နယ်တီပေးဖို့အထိ သက်ရောက်မှု မပြင်းထန်ခဲ့ပါဘူး။

ဒီလိုပဲ ဂတ်ပိုကို ဇိုလစ်က ပယ်နယ်တီစည်းထဲမှာ တွန်းခဲ့သလို ဖြစ်ခဲ့တာကလည်း ပယ်နယ်တီပေးရင် ရသလို မဖြစ်မနေပေးရမယ့်အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတော့ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် လီဗာပူးလ်အသင်းဘက်က ပယ်နယ်တီမရခဲ့တဲ့ ဖြစ်ရပ်တွေကိုသာ အာရုံစိုက်နေကြပြီး ပွဲအစပိုင်းမှာ သူတို့အသင်း ကံကောင်းခဲ့တဲ့ ဖြစ်ရပ်တွေကိုတော့ မေ့လျော့နေကြပုံရပါတယ်။

ပွဲစပြီး ၄၇ စက္ကန့်အတွင်းမှာပဲ လီဗာပူးလ်ကစားသမား ထရီး နီယိုနီဟာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ရဲ့ ခြေထောက်ကို နင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အနီကတ်ပြသနိုင်တဲ့ ပြစ်ဒဏ်မျိုးဖြစ်ပြီး စပါးစ်နဲ့ ပဲလေ့စ်ပွဲမှာ မာတေတား တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။

ဒါကို သင်ခန်းစာမယူပဲ ပွဲချိန် ၉ မိနစ်နဲ့ ၅၈ စက္ကန့်မှာလည်း နီယိုနီကပဲ ကိုင် ဟာဗက်ဇ်ကို ထပ်မံပြီး ဖြတ်နင်းခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်မှာလည်း အဝါကတ်ပြသနိုင်တဲ့ အခြေအနေရှိခဲ့ပြီး ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ကြိမ်တိုင် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ နီယိုနီအတွက် နှစ်ဝါတစ်နီ ဒါမှမဟုတ် တိုက်ရိုက်အနီကတ်အထိ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါ။

တကယ်လို့ ကွင်းလယ်ဒိုင်လူကြီးက ဒီဖြစ်ရပ်တွေကို တင်းတင်းကျပ်ကျပ် အရေးယူခဲ့မယ်ဆိုရင် အိမ်ရှင်လီဗာပူးလ်ဟာ ပွဲအစပိုင်းကတည်းက တစ်ယောက်လျော့နဲ့ ကစားရနိုင်ပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းအတွက် ဒီထက်ပိုပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလာနိုင်ပါတယ်။

ဒါကြောင့် ပွဲတစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အသင်းကြီးနှစ်သင်းရဲ့ အားပြိုင်မှုမှာ ပွဲထိန်းသိမ်းမှုအရ မျှတအောင် ဆုံးဖြတ်ခဲ့တာလို့ မြင်နိုင်ပါတယ်။ လီဗာပူးလ် ရှုံးခဲ့တာဟာ ပယ်နယ်တီမရခဲ့လို့ဆိုတာထက် အာဆင်နယ်ကို ကွင်းတွင်းမှာ မယှဉ်နိုင်ခဲ့တာက ပိုအဓိကကျပါတယ်။

အထူးသဖြင့် မာကျောလှတဲ့ အာဆင်နယ်ခံစစ်ကို ထိုးဖောက်ဖို့ မတတ်နိုင်ခဲ့တာဖြစ်သလို လီဗာပူးလ်နည်းပြနဲ့ အာဆင်နယ်နည်းပြတို့ အားပြိုင်မှုမှာ အိုင်ရိုလာက ဆိုင်ဘော့စကီးကို ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲလိုက်တာနဲ့ နည်းပြအာတီတာက ပွဲချိန် ၆၁ မိနစ်မှာ ဂီမာရက်စ်ကို ထုတ်ပြီး လူးဝစ်-စကယ်လီကို အစားထိုးခဲ့တာက ပွဲရဲ့ အလှည့်အပြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်ကို ပိုတုံးအသွားခဲ့ရတာကတော့ လီဗာပူးလ်နည်းပြ အိုင်ရိုလာဟာ အဝါကတ်ထိပြီးနောက် ကစားပုံ မစွံတော့တဲ့ ဘာကိုလာကို လဲရမယ့်အစား အာဆင်နယ်တိုက်စစ်ကို ဖိအားပေးနိုင်နေတဲ့ ဂတ်ပိုကို ပွဲချိန် ၆၇ မိနစ်မှာ လူစားလဲလိုက်ပြီးနောက် ပွဲက လုံးဝကို ပြီးဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မနေ့ညက လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲကတော့ ကြည့်လို့ကောင်းတဲ့ စူပါဆန်းဒေးပွဲတစ်ပွဲ ဖြစ်ခဲ့တဲ့အတွက် ဘောလုံးပရိသတ်တွေ စိတ်ကျေနပ်မှု ရခဲ့ကြပါတယ်။

ပယ်နယ်တီ မရခဲ့တာကိုပဲ အပြစ်တင်နေမယ့်အစား အာဆင်နယ်ရဲ့ ခံစစ်ကို ဘာကြောင့် မထိုးဖောက်နိုင်ခဲ့တာလဲဆိုတာ လီဗာပူးလ်ဘက်က ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ သုံးသပ်ရေးသားလိုက်ရပါတယ်။

Ref: https://www.facebook.com/SportsAIIZ/posts/

Leave a Reply