ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အလွန်ဆိုရဲ့ စွမ်းဆောင်ရည်တွေက တကယ့်ကို ထူးခြားပါတယ်လို့ ချီးကျူးလိုက်တဲ့ ဟန်ဒါဆန်
အင်္ဂလန် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ချယ်လ်ဆီးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး၊ စတန်းဖို့ဒ် ဘရစ်ချ်မှာ နည်းပြ ဇာဘီ အလွန်ဆိုလက်အောက် ကစားရမယ့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်။
အသက် ၃၆ နှစ်အရွယ် ဟန်ဒါဆန်ဟာ ဘရန်ဖို့ဒ်အသင်းကနေ ထွက်ခွာလာပြီးနောက် ချယ်လ်ဆီးအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။ နည်းပြ အလွန်ဆို အနေနဲ့ လူငယ်ကစားသမားတွေ များပြားနေတဲ့ အသင်းအတွက် အတွေ့အကြုံရင့် ကစားသမားတွေကို အားဖြည့်ချင်နေတာဖြစ်ပြီး ဟန်ဒါဆန်ဟာ တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ပြီးရင် အသင်းကို ရောက်လာတဲ့ နောက်ထပ် ဝါရင့်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။
ကိန်းဂဏန်း အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းဟာ ၂၀၂၄ ခုနှစ် မေလက အသက် ၃၉ နှစ်အရွယ် သီယာဂို ဆေးလ်ဗား ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း၊ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂၃ ပွဲဆက်တိုက်မှာ အသက် ၃၀ ကျော် ကစားသမား တစ်ဦးကိုမှ ပွဲထွက်ခွင့် မပေးခဲ့ပါဘူး။ ဟန်ဒါဆန်အတွက်တော့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းဟာ သူ ဆန်းဒါးလန်း အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ နေရာဖြစ်လို့ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလက ချယ်လ်ဆီးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းမှာ ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခဲ့တဲ့ အချိန်ကစလို့ ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း ၄၆၃ ပွဲအထိ ပါဝင်ကစားထားပြီး သူ့ထက် ပွဲအရေအတွက် ပိုများတာဆိုလို့ ဂျိမ်းစ် မီလ်နာတစ်ဦး (၄၈၁ ပွဲ) သာ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီး ဒီနွေရာသီမှာ ချယ်လ်ဆီးကို ရောက်လာတဲ့ အလွန်ဆိုရဲ့ လက်အောက်မှာ ကစားရမယ့်အပေါ် ဟန်ဒါဆန်က အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
“ကျနော်တို့ အတော်လေး ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်။ ကစားသမားဘဝတုန်းကရော၊ အခု နည်းပြဘဝမှာပါ ဇာဘီ့အပေါ် ကျနော် အလွန်ကို လေးစားမှုရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူလုပ်ပြနိုင်ခဲ့တာတွေက တကယ့်ကို ထူးခြားပါတယ်။ သူနဲ့ အလုပ်အတူတူ လုပ်ဖူးသူတွေ၊ ကစားဖူးသူတွေ အားလုံးက သူ့အကြောင်း ကောင်းတာတွေချည်းပဲ ပြောကြပါတယ်။ သူ့အကြောင်း မကောင်းပြောမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ဒါက သူ့ရဲ့ အရည်အချင်းကို မြင့်မားစွာ သက်သေပြနေတာပါ။ ဒါကြောင့် ကျနော် သူနဲ့ စကားပြောဖြစ်တဲ့အခါ သူ့လက်အောက်မှာ ကစားရတာ ဂုဏ်ယူစရာတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ခံစားချက်ကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။”
နည်းပြ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကနေ မထွက်ခွာခင် အသင်းကို ၃၄ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံး ရလဒ်နဲ့ သွင်းဂိုး ၇၂ ဂိုးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၃-၂၄ ရာသီက လေဗာကူဆင်အသင်းနဲ့အတူ ဂျာမန်ဘွန်ဒက်စ်လီဂါနဲ့ DFB ဖလားတို့ကို ရှုံးပွဲမရှိ စံချိန်နဲ့ ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာသာ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
Ref: https://www.facebook.com/profile.php?id=100087168873391