ယခုနှစ် ရာသီသစ် ပရီးမီးယားလိဂ် ကွင်းဖွင့် Community Shield ဒိုင်းပွဲတွင် ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းသည် FA Cup ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲစတင်ပြီး ၁ မိနစ်တွင်ပင် လူးဝစ်စကယ်လီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာလာဖီအိုရီက ပိုင်ပိုင်နိုင်နိုင် သွင်းယူကာ အာဆင်နယ်အသင်းအတွက် ပထမဦးဆောင်ဂိုးကို စောစောစီးစီး ရယူပေးခဲ့သည်။
ဂိုးရရှိပြီးနောက်တွင်လည်း အာဆင်နယ်အသင်းက ပွဲကို ဆက်လက်စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ အသစ်ဝယ်ယူထားသော တောင်ပံတိုက်စစ်ကစားသမား ခရစ္စတို ဇိုးလစ်၏ ခေါင်းတိုက်ဖန်တီးပေးမှုမှတစ်ဆင့် ကိုင်ဟာဗက်က ဒုတိယမြောက် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်း ပွဲပြန်စပြီး ပွဲချိန် ၄၈ မိနစ်တွင် အာဆင်နယ်အသင်း၏ တတိယမြောက် အနိုင်ဂိုး ထွက်ပေါ်လာခဲ့သည်။အဆိုပါဂိုးကိုလည်း အသစ်ရောက်ရှိလာသူ ခရစ္စတို စဇိုးလစ်ကပဲ ထပ်မံဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး၊ ကွင်းလယ်အဓိက မောင်းနှင်တံ မာတင်အိုဒီဂတ်က အမှားအယွင်းမရှိ ပစ်မှတ်တည့်တည့် ကန်သွင်းယူခဲ့သည်။
တစ်ဖက်တွင် မန်စီးတီးအသင်းသည် ပွဲချိန် ၄၆ မိနစ်တွင် တောင်ပံကစားသမား ဒိုကူ ဒဏ်ရာရရှိသွားခဲ့သဖြင့် ဂျက်ဂရီးလစ်နှင့် လူစားလဲလှယ်ခဲ့ရသည်။ တိုက်စစ်ပိုင်း အားနည်းနေသည့် မန်စီးတီးအသင်းသည် ပွဲချိန် ၅၃ မိနစ်တွင် အဓိကတိုက်စစ်မှူး ဟာလန်းကို ထုတ်ကာ အိုမာ မာမုရှ် (Omar Marmoush) ကို အစားထိုး ထည့်သွင်း၍ တိုက်စစ်အား အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်။
ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းဘက်က မာဒူအက်ကီ၏ နေရာ၌ အစားထိုး ဝင်ရောက်ကစားခဲ့သည့် ဆာကာ ရရှိခဲ့သော အပိုင်အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သောကြောင့် ပွဲမှာ ၃ ဂိုး-ဂိုးမရှိဖြင့်ပင် ပြီးဆုံးခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းက ရာသီအစ အဖွင့်လှကာ Community Shield ဒိုင်းကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့သည်။
