အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး (မန်စီးတီး) အသင်းသည် စွပ်စွဲခံထားရသည့် ဘဏ္ဍာရေး စည်းမျဉ်း ၁၁၅ မှုအနက် တစ်မှုမှလွဲ၍ ကျန်အမှုများအားလုံးတွင် ချိုးဖောက်မှု ထင်ရှားကြောင်း သီးခြား လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီက ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဟု The Athletic သတင်းဌာနက ဖော်ပြလိုက်သည်။
မန်စီးတီး အသင်းအပေါ် ချမှတ်မည့် ပြစ်ဒဏ် အသေးစိတ်ကို တရားဝင် အတည်မပြုရသေးသော်လည်း စွပ်စွဲချက် ၁၁၅ မှုအနက် တစ်မှုမှလွဲ၍ အားလုံးတွင် မန်စီးတီး၌ အပြစ်ရှိကြောင်း အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့က အပြီးသတ် ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ပရီးမီးယားလိဂ် အာဏာပိုင်များက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သလို မန်စီးတီး အသင်းဘက်ကလည်း သတင်း မှန်၊ မမှန် တိုက်ရိုက် မတုံ့ပြန်ခဲ့ပေ။
သို့သော် မန်စီးတီး အသင်းက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အတွင်း “ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်ဟာ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့အတူ ပြီးမြောက်ဖို့ အရေးပါတဲ့ အစိတ်အပိုင်းများစွာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့နဲ့ စီမံခန့်ခွဲသူတွေအနေနဲ့ ဘက်လိုက်မှုကင်းတဲ့ လွတ်လပ် မှန်ကန်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုမူဆောင်ရွက်မယ်ဆိုတဲ့ အချက်ပေါ် အခြေခံပြီး ကလပ်အသင်းဘက်က လွန်ခဲ့တဲ့ ၈ နှစ်တာလုံး လုပ်ငန်းစဉ်အတိုင်း အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။
အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားဝင် ကြေညာပါက မန်စီးတီး အသင်းအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမည်ဟု BBC အားကစားဌာနဘက်က ရေးသားဖော်ပြသည်။
အခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းများကမူ ယခု ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အသိပေးခြင်း ခံရပြီးဖြစ်ကာ မန်စီးတီး အသင်းထံမှ နစ်နာကြေး တောင်းခံနိုင်ခြင်း ရှိ၊ မရှိ ဥပဒေရေးရာ အကြံဉာဏ်များ စတင် ရယူနေကြပြီ ဖြစ်သည်။
မန်စီးတီး အသင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေး စည်းမျဉ်းများ အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ၄ နှစ်တာ စုံစမ်းစစ်ဆေးခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပရီးမီးယားလိဂ်၏ တရားစွဲဆိုခြင်းကို စတင် ခံခဲ့ရသည်။
အဆိုပါ အမှုအတွက် လျှို့ဝှက် ကြားနာပွဲများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၁၂ ပတ်အကြာ ဒီဇင်ဘာလတွင် ကြားနာမှုများ ပြီးစီးခဲ့ခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ် အာဏာပိုင်များက မန်စီးတီး အသင်းသည် အသင်း၏ ဘဏ္ဍာရေး အခြေအနေနှင့် ပတ်သက်၍ တိကျမှန်ကန်သော အချက်အလက်များ ပေးပို့ရမည်ဆိုသည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားသော်လည်း၊ မန်စီးတီး ဘက်ကမူ ခိုင်လုံသည့် သက်သေအထောက်အထားများ ရှိကြောင်းဆိုကာ စွပ်စွဲချက်များ အားလုံးကို ငြင်းဆန်ထားသည်။
အမှုရင်ဆိုင်နေရသည့် အဆိုပါ ကာလအတွင်း မန်စီးတီး အသင်းသည် ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်နှင့် FA ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား စုစုပေါင်း ၈ ခုအထိ ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ စွပ်စွဲချက်များသည် နည်းပြ ရောဘတ်တို မန်စီနီ၊ မာနူအယ် ပယ်လီဂရီနီ တို့၏ လက်ထက်နှင့် ၂၀၂၅-၂၆ ရာသီအကုန်တွင် ၁၀ နှစ်တာ တာဝန်ယူပြီးနောက် အသင်းမှ ထွက်ခွာသွားသည့် နည်းပြ ပပ် ဂွါဒီယိုလာ၏ ပထမ ၂ နှစ်တာ ကာလများကို လွှမ်းခြုံထားခြင်း ဖြစ်သည်။
မန်စီးတီး အသင်းရင်ဆိုင်နေရသည့် စွပ်စွဲချက် ၁၁၅ မှု
၅၄ မှု – ၂၀၀၉-၁၀ မှ ၂၀၁၇-၁၈ ရာသီအထိ တိကျသော ဘဏ္ဍာရေး အချက်အလက်များ ပေးပို့ရန် ပျက်ကွက်မှု၊
၁၄ မှု – ၂၀၀၉-၁၀ မှ ၂၀၁၇-၁၈ ရာသီအထိ ကစားသမားများနှင့် နည်းပြများ၏ လုပ်ခလစာ အသေးစိတ် တိကျစွာ ပေးပို့ရန် ပျက်ကွက်မှု၊
၅ မှု – ၂၀၁၃-၁၄ မှ ၂၀၁၇-၁၈ ရာသီအထိ ယူအီးအက်ဖ်အေ (UEFA) ၏ ဘဏ္ဍာရေး မျှတမှု စည်းမျဉ်း (FFP) အပါအဝင် စည်းမျဉ်းများ လိုက်နာရန် ပျက်ကွက်မှု၊
၇ မှု – ၂၀၁၅-၁၆ မှ ၂၀၁၇-၁၈ ရာသီအထိ ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှု စည်းမျဉ်း (PSR) ကို ချိုးဖောက်မှု၊
၃၅ မှု – ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပရီးမီးယားလိဂ်၏ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုတို့ ဖြစ်ကြသည်။