ချန်ပီယံလိဂ် ပွဲစဉ်များ

၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (UEFA Champions League) လိဂ်အဆင့် မဲခွဲပွဲ ရလဒ်များ ထွက်ပေါ်လာခဲ့ရာတွင် အင်္ဂလန် ပရီးမီးယားလိဂ်ကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်း ၅ သင်းလုံး အစောပိုင်း ကာလမှာပင် ဥရောပပြိုင်ဘက်ကောင်းများနှင့် ဆုံတွေ့သည့် ပွဲစဉ်ဇယားများနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းသည် အိမ်ကွင်း၌ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ နာပိုလီတို့၏ ကွင်းများသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့ပြင် ဒေါ့မွန်၊ ရီးရဲလ်ဘက်တစ်၊ လီးလ်၊ စလာဗီးယား ပရာဟာ နှင့် ပြိုင်ပွဲဝင် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ပါဝင်လာသည့် အဇာဘိုင်ဂျန်ကလပ် ဆာဘား (Sabah) တို့နှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။

နည်းပြ မိုင်ကယ် ကားရစ်၏ မန်ချက်စတာယူနိုက်တက် အသင်းမှာမူ ၃ နှစ်အကြာမှ ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်၊ အဝေးကွင်း၌ အက်သလက်တီကို မက်ဒရစ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကျန်ပွဲစဉ်များအဖြစ် ရိုးမား၊ စပို့တင်း၊ RB လိုက်ပဇစ်၊ ဗီလာရီးယဲလ်၊ ဆာဘားနှင့် ကိုမို (Como) တို့ပါဝင်သည်။

နည်းပြ အန်ဒိုနီ အီရာအိုလာ ဦးဆောင်သည့် လီဗာပူး အသင်းသည် ပြီးခဲ့သည့် ရာသီကအတိုင်း အင်တာမီလန် အဝေးကွင်း၊ အက်သလက်တီကို မက်ဒရစ် အိမ်ကွင်း ပွဲစဉ်များကို ထပ်မံကစားရမည်ဖြစ်ကာ ပေါ်တို၊ ဗီလာရီးယဲလ်၊ ဖီနာဘာချီ၊ ကလပ်ဘရုဂ်၊ လင်းစ် (Lens) နှင့် ဩစတြီးယား ချန်ပီယံ LASK တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

နည်းပြ အဲန်ဇို မာရက်စကာ၏ မန်ချက်စတာစီးတီး အသင်းသည် ပထမဆုံး ပွဲစဉ်၌ပင် လက်ရှိချန်ပီယံ ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့နှင့် မဲကျခဲ့သလို အိမ်ကွင်း၌ နာပိုလီနှင့် ဆုံတွေ့သဖြင့် ကစားသမားဟောင်း ကယ်ဗင် ဒီဘရိုင်းနားနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် မန်စီးတီးသည် စပို့တင်း၊ ပေါ်တို၊ လိုက်ပဇစ်၊ အေအီးခေ အေသင် နှင့် လင်းစ် တို့လည်း ပွဲစဉ်ဇယားတွင် ရင်ဆိုင်ရမည်ဖြစ်သည်။

ယူရိုပါလိဂ် ချန်ပီယံ အက်စတွန်ဗီလာ အသင်းသည် နည်းပြ အူနိုင်း အမ်မရီ၏ ဦးဆောင်မှုဖြင့် ဘာစီလိုနာ၏ ကမ့်နိုကွင်းသို့ သွားရောက်ရမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ပီအက်စ်ဂျီကို အိမ်ကွင်း၌ ပြန်လည်ဧည့်ခံရမည် ဖြစ်သည်။

ထို့ပြင် ဒေါ့မွန်၊ ကလပ်ဘရုဂ်၊ ဖီနာဘာချီ၊ ဂါလာတာဆာရေး၊ နော်ဝေကလပ် ဗိုက်ကင်း (Viking) နှင့် စလာဗီးယား ပရာဟာ တို့နှင့် ရင်ဆိုင်သွားရမည် ဖြစ်သည်။

ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် အချိန်ဇယား အပြည့်အစုံကို လာမည့်ရက်များအတွင်း ယူအီးအက်ဖ်အေ က တရားဝင် အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်သည်။

Image – CBS Sports

Ref: https://www.facebook.com/ThanLwinKhetNews/posts/