ရီးယဲလ်မက်ဒရစ်နဲ့ ရိုဒရီ လွဲချော်ခဲ့ရခြင်းနောက်ကွယ်က ပီရက်စ်ရဲ့ တွက်ချက်မှုများ

မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ ရီးယဲလ်မက်ဒရစ်ကို ရွေးချယ်မယ့်အစား ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ သတင်းဟာ ဘာနေဗျူး ပရိသတ်တွေအတွက်တော့ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ကစားသမားသစ် ယန် ဒီယိုမန်ဒီရောက်ရှိလာမှုနဲ့ ဗီနီစီးယပ်စ် ဂျူနီယာရဲ့ စာချုပ်သစ် ကိစ္စတွေမှာ အောင်ပွဲခံခွင့်ရခဲ့ပေမယ့် မက်ဒရစ်မြေမှာ အခုရိုဒရီရဲ့ အပြောင်းအရွှေ့ ဂယက်က အဲ့ဒီပျော်ရွှင်မှုတွေ အားလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
ရိုဒရီဟာ အတိတ်တုန်းက ရီးယဲလ်မက်ဒရစ်မှာ ကစားချင်တဲ့ ဆန္ဒကို ခဏခဏ ထုတ်ဖော်ပြောဆိုခဲ့ဖူးတာကြောင့် အခုလို ဘာစီလိုနာဆီ ကူးပြောင်းတာကို ပရိသတ်အများစုက သစ္စာဖောက်မှုအဖြစ် စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက်တည်းကိုပဲ ပြစ်တင်ဝေဖန်နေတာဟာ ဖြစ်ရပ်မှန်တစ်ချို့ကို လျစ်လျူရှုရာ ရောက်နေပါတယ်။
တကယ်တော့ ရီးယဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်စ်ဟာ ပရိသတ်တွေ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ အထူးသဖြင့် ရိုဒရီကို အလွန်အမင်း အလိုရှိနေတဲ့ နည်းပြ ဂျိုဆေး မော်ရင်ညိုတို့ရဲ့ ဖိအားပေးမှုတွေကို လိုက်လျောခဲ့တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ဒီအပြောင်းအရွှေ့အတွက် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လတုန်းကတည်းက ရိုဒရီက ရီးယဲလ်အပေါ် သံယောဇဉ်ရှိကြောင်း အသိပေးခဲ့တာကြောင့် မက်ဒရစ်ဘက်က မန်စီးတီးနဲ့ ဆွေးနွေးဖို့ လပေါင်းများစွာ အချိန်ရခဲ့တာပါ။ အဲဒီအချိန်အတိုင်းအတာတစ်ခုလုံးမှာ ရိုဒရီဟာ ဘာစီလိုနာအသင်းနဲ့ ဘာမှ အဆက်အသွယ် မရှိခဲ့ပါဘူး။
ဒီအပြောင်းအရွှေ့ ပျက်ပြားသွားရတဲ့ ပဟေဠိရဲ့ သော့ချက်ကတော့ ငွေကြေးပိုင်း ဆိုင်ရာ တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ပီရက်စ်ဟာ မန်စီးတီးဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးကပ်တဲ့ ပမာဏမျိုးကို ဘယ်တုန်းကမှ ကမ်းလှမ်းခဲ့ခြင်း မရှိပါဘူး။
Sky Sports ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းက ယူရီ ၇၅ သန်း အတိအကျ တောင်းဆိုခဲ့ချိန်မှာ ရီးယဲလ်မက်ဒရစ် ခေါင်းဆောင်ပိုင်းကတော့ ယူရို သန်း ၅၀ ခန့်သာ ပေးချေဖို့ ဆန္ဒရှိခဲ့တာပါ။ ဒီလို ပမာဏ ကွာဟချက်ကပဲ ပီရက်စ်ရဲ့ စစ်မှန်တဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားအပြောင်းအရွှေ့ကို ကြည့်ရင် ရီးယဲလ်မက်ဒရစ်ဟာ ဘာစီလိုနာထက် ဦးအောင် အလျင်အမြန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ဆေးလ်ဗားဟာ ဘဏ္ဍာရေးအရ စွန့်စားရမှု လုံးဝမရှိလို့ပါပဲ။
ဒါပေမဲ့ ရိုဒရီရဲ့ အခြေအနေကတော့ ဆေးလ်ဗားနဲ့ လုံးဝကွဲပြားနေပါတယ်။ ရိုဒရီဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သလို အသက် ၃၀ စွန်းစွန်းကို ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ နောက်ကျော ခွဲစိတ်ကုသမှု ခံယူရနိုင်ခြေလည်း ရှိနေတာပါ။

ပီရက်စ်လို ဝါရင့် စီးပွားရေးသမားတစ်ယောက်ရဲ့ အမြင်မှာတော့ ဒဏ်ရာရရှိနိုင်ချေ မြင့်မားပြီး နောင်တစ်ချိန် ပြန်လည်ရောင်းချရင် ဈေးကွက်တန်ဖိုးမရှိတော့မယ့် ကစားသမားတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ စည်းထက်ပိုပြီး အပိုကြေးပေး ရင်းနှီးမြှုပ်နှံဖို့ မထိုက်တန်ဘူးလို့ ယူဆခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ခံစစ်ကွင်းလယ်လူတစ်ဦးကို ခါးသီးပြိုင်ဘက် ဘာစီလိုနာက အရယူသွားပြီဆိုတဲ့ သတင်းဟာ မက်ဒရစ် ပရိသတ်တွေရဲ့ မာနကို ထိခိုက်စေခဲ့တာတော့ အမှန်ပါပဲ။
ဒါပေမဲ့ နောက်ဆုံးအချိန်မှာ စိတ်ပြောင်းသွားခဲ့တဲ့ ရိုဒရီကိုပဲ အပြစ်တင်နေရမယ့်အစား ဒီအပြောင်းအရွှေ့ ဇာတ်လမ်းတစ်လျှောက်လုံးရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဖလော်ရန်တီနို ပီရက်စ် ကိုယ်တိုင်က ရိုဒရီကို ခေါ်ယူဖို့ ဘယ်တုန်းကမှ အလေးအနက် သဘောမထားခဲ့တာပဲ ဖြစ်ပါတယ်။

(Source – Sky Sports)

Ref: https://www.skysports.com/