ပေါ်တူဂီ လက်ရွေးစင်အသင်း ခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) သည် လွန်ခဲ့သည့်လက လက်ရွေးစင်အသင်း လေ့ကျင့် ရေးစခန်းမှ ထွက်ခွာသွားခဲ့မှုအတွက် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF) ၏ ရက် ၃၀ ပွဲပယ် ပြစ်ဒဏ်နှင့် ၂၅၅ ယူရို (၂၁၅ ပေါင်) ဒဏ်ကြေး ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
ထိုသို့ပြစ်ဒဏ်မချခင်ကတည်းက ရော်နယ်ဒိုက ၎င်းကို ပြစ်ဒဏ်ချမှတ်ရန် ခွင့်ပြုထားပြီးဖြစ်သည်။ သို့သော် ကမ္ဘာ့အချမ်းသာဆုံးအားကစားသမားများထဲက ရော်နယ်ဒိုကို ၂၅၅ ယူရို ဒဏ်ချမှတ်ခြင်းကို အများက ပျက်ရယ်ပြုနေကြသည်။
ထို့ပြင် လက်ရှိပွဲပယ်ပြစ်ဒဏ်မှာလည်း ပေါ်တူဂီလက်ရွေးစင်အသင်း၏ လာမည့် မည်သည့်ပွဲစဉ်ကိုမျှ လွဲချော်ရမည့်အခြေအနေတွင် ရှိမနေပေ။
အသက် ၄၁ နှစ်အရွယ် အသင်းခေါင်းဆောင် ရော်နယ်ဒိုသည် စက်တင်ဘာလအတွင်း နော်ဝေနှင့် ကစားခဲ့သည့် နေးရှင်းလိဂ်ပွဲစဉ်တွင် လူစားဝင် ကစားခွင့် မရခဲ့ဘဲ အောက်တိုဘာ ၁ ရက်တွင် ဒိန်းမတ်နှင့် ကစားမည့် ပွဲစဉ်တွင်လည်း ပွဲထွက်လူစာရင်း၌ ပါဝင်မည်မဟုတ်ကြောင်း သိရှိခဲ့ရပြီးနောက် အသင်းစခန်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီ နည်းပြ ဂျော့ဂ် ဂျီးဆပ် (Jorge Jesus) သည် ၎င်းအား ပေးထားသည့် ကတိကို နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့သဖြင့် ယုံကြည်မှု လုံးဝ ပျက်စီးသွားခဲ့ရသည်ဟု ရော်နယ်ဒိုက ထုတ်ပြန်ချက်တစ်ခုတွင် စွပ်စွဲပြောဆိုခဲ့သည်။
ဆော်ဒီကလပ် အယ်လ်နက်ဆာ (Al-Nassr) တိုက်စစ်မှူး ရော်နယ်ဒို၏ ပွဲပယ်ပြစ်ဒဏ်သည် ဒိန်းမတ်ပွဲစဉ် ကျင်းပခဲ့သည့် နေ့မှစတင်၍ အာဏာသက်ရောက်သဖြင့် လက်ရှိတွင် ၁၉ ရက် ပြစ်ဒဏ်ကျခံပြီးဖြစ်ရာ ပေါ်တူဂီအသင်း၏ မည်သည့်ပွဲစဉ်ကိုမျှ လွဲချော်မည် မဟုတ်ပေ။
ပေါ်တူဂီအသင်းသည် လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၃ ရက်အကြာတွင် ဝေလအသင်းနှင့် သွားရောက် ကစားရမည်ဖြစ်သည်။
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရော်နယ်ဒို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် နောင်တရမှု အမူအရာနှင့် ဘောလုံးအားကစားအပေါ် ပံ့ပိုးကူညီခဲ့မှုများ၊ အားကစားဆိုင်ရာ ဂုဏ်ပြုထိုက်သည့် အောင်မြင်မှုများကို ထည့်သွင်းစဉ်းစားပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရော်နယ်ဒိုသည် ၎င်း၏ ခုခံချေပချက်အဖြစ် ဆုတံဆိပ်များနှင့် အောင်မြင်မှုများ ပါဝင်သည့် ကိုယ်ရေးရာဇဝင် (CV) ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ တင်ပြခဲ့သည်။
ရော်နယ်ဒိုက အသင်းဖော်များနှင့် ပရိသတ်များကို တောင်းပန်ခဲ့ပြီး ပြစ်ဒဏ်ပေးခံရရန် ထိုက်တန်ကြောင်း ပြောကြားထားသည့် ယခင်ထုတ်ပြန်ချက်ကို ကော်မတီထံ ထပ်မံရည်ညွှန်းပြသခဲ့သည်။
ပေါ်တူဂီ နည်းပြ ဂျီးဆပ်က ရော်နယ်ဒိုနှင့် တစ်စုံတစ်ရာ သဘောတူညီမှု ရယူခဲ့ခြင်းမရှိဟု ငြင်းဆိုထားသော်လည်း အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်မည့် တံခါးကိုတော့ ဖွင့်လှစ်ပေးထားသည်။
ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပီဒရို ပရိုအန်ဆာ (Pedro Proenca) ကလည်း ယခုကိစ္စရပ်များ ပြေလည်သွားပါက ရော်နယ်ဒို လက်ရွေးစင်အသင်းသို့ ပြန်လာရန် ပြင်းပြသည့် ဆန္ဒရှိကြောင်း ပြောကြားသည်။
ဘောလွန်ဒီအော (Ballon d’Or) ငါးကြိမ်ရ ရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ၂၃၄ ပွဲ ကစားထားရာတွင် ၁၄၆ ဂိုး သွင်းယူထားပြီး အမျိုးသား ဘောလုံးလောကတွင် ပွဲအရေအတွက်နှင့် ဂိုးအရေအတွက် အများဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ထားသူ ဖြစ်သည်။ နိုင်ငံအသင်းနှင့်အတူ ယူရို ၂၀၁၆ နှင့် နေးရှင်းလိဂ် ဖလား ၂ ကြိမ် ရရှိအောင် ကူညီပေးထားသည်။
၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဆော်ဒီကလပ် အယ်လ်နက်ဆာသို့ တစ်နှစ်လျှင် ပေါင် ၁၇၇ သန်း ရရှိသည့် စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး လွန်ခဲ့သည့်နှစ်က စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။