မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် က အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ်အသင်းလို လိဂ်မှာ ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့တာဟာ သူ့ရဲ့ နည်းပြသက်တမ်းအတွင်း ရယူချင်ခဲ့တဲ့ စံချိန်တစ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါဟာ သူ့ကို စိတ်ထဲမကျေမနပ် ဖြစ်စေခဲ့တဲ့ တစ်ခုတည်းသော အောင်မြင်မှုဖြစ်ပြီး အခုထိလည်း အဲဒီအကြောင်းကို တွေးမိနေတုန်းပဲလို့ ဆိုပါတယ်။
ဆာ အဲလက်စ် က သူ့ရဲ့ စာအုပ်သစ် “Games of My Life” ထဲမှာ လိဂ်ပွဲစဉ်တွေကို ရှုံးပွဲမရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ လွန်စွာ ချီးကျူးဂုဏ်ပြုထားပြီး ဒါဟာ ဘယ်နည်းပြအတွက်မဆို ရယူဖို့ အခက်ခဲဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
မန်ယူနိုက်တက် ဂန္တဝင်နည်းပြဟောင်းကြီးဟာ ဒီစံချိန်အတွက် သူ့ရဲ့ အာဆင်နယ် နည်းပြ ပြိုင်ဘက်ကို အားကျမိကြောင်း ယခုလို ရေးသားထားပါတယ်။
“အာဆင် ရရှိခဲ့ပြီး ကျွန်တော် ဘယ်တုန်းကမှ မရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အောင်မြင်မှုကတော့ ၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ပါပဲ။ ဒါဟာ ကျွန်တော့်ကို အခုထိ မကျေမနပ် ဖြစ်စေတုန်းပါပဲ၊ ဘာလို့လဲဆိုတော့ ဒီအောင်မြင်မှုရဲ့ ကြီးမားနက်နဲမှုကို ကျွန်တော် ကောင်းကောင်း နားလည်ထားလို့ပါပဲ။”
ဆာ အဲလက်စ် က ဝင်းဂါးနဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုအကြောင်း ဆက်လက်ပြောကြားခဲ့ပြီး ပြင်သစ်လူမျိုးနည်းပြဖြစ်သူ ဝင်းဂါး ထက် သူ့ရဲ့ စကော့တလန် လေယူလေသိမ်းက မီဒီယာတွေနဲ့ ပရိသတ်တွေအတွက် နားလည်ဖို့ ပိုခက်ခဲကြောင်း နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
ဘောလုံးကွင်းအတွင်းက သူတို့ရဲ့ အပြန်အလှန် ပြိုင်ဆိုင်မှုတွေကို ပြန်လည်အမှတ်ရရင်း ယခုလို ရေးသားထားပါတယ်။
“ကျွန်တော်တို့ရဲ့ လူသိများလှတဲ့ ရှည်လျားတဲ့ ပြိုင်ဆိုင်မှုအတွင်း အာဆင် နဲ့ ကျွန်တော် သဘောတူညီမိလောက်တဲ့ အချက်တစ်ခုရှိရင် အဲဒါကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး လေယူလေသိမ်း ပြင်းပေမဲ့ ကျွန်တော့်စကားက နားလည်ဖို့ ပိုခက်ခဲတာပါပဲ။ ကျွန်တော်တို့ တောက်လျှောက် ထိတွေ့ဆက်ဆံ ပြိုင်ဆိုင်ခဲ့ကြပြီး အမြဲတမ်း တင်းမာနေတဲ့ ပွတ်တိုက်မှုတွေထဲမှာ တင်းမာလှတဲ့ ပွဲစဉ်တွေ၊ ပေါက်ကွဲထွက်မှုတွေ၊ ကစားသမားလှိုဏ်ခေါင်းထဲက ရန်ပွဲတွေ၊ ပီဇာနဲ့ ပစ်ပေါက်ကြတာတွေနဲ့ အနီကတ်တွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒါဟာ လုံးဝကို မီးနဲ့ ရေ လိုပါပဲ။”
“ကျွန်တော်တို့ဟာ အခါးသီးဆုံး ပြိုင်ဘက်တွေဖြစ်ခဲ့ပြီး ကျွန်တော့်အတွက်တော့ အာဆင်နယ်ကို အနိုင်ရတာဟာ အမြဲတမ်း အင်မတန် ချိုမြိန်တဲ့ အရသာကို ပေးစွမ်းပါတယ်။ အာဆင် ဘက်ကလည်း ဒီလိုခံစားချက်မျိုး ရှိမှာ သေချာပါတယ်။ အာဆင် နဲ့ ကျွန်တော်က ဒုတိယကမ္ဘာစစ်အတွင်း (သို့) စစ်ပြီးခါစမှာ မွေးဖွားခဲ့ကြသူတွေ ဖြစ်လို့ မျိုးဆက်တစ်ခုတည်းက လို့ ပြောလို့ရပါတယ်။ ဘောလုံးသမားအဖြစ်နဲ့တော့ ကျွန်တော်က ပိုပြီး အောင်မြင်မှု ရရှိခဲ့ပေမဲ့ သူကတော့ ဘာသာစကား ပိုမို ပြောဆိုနိုင်သူပါ။”
အာဆင်နယ်အသင်းဟာ ၂၀၀၃/၀၄ ရာသီမှာ ၂၆ ပွဲနိုင်၊ ၁၂ ပွဲသရေနဲ့ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တာပါ။ အဲဒီရာသီမှာ မန်ချက်စတာယူနိုက်တက်က ရမှတ် ၇၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ချဲလ်ဆီးက ရမှတ် ၇၉ မှတ်နဲ့ ဒုတိယ ရရှိခဲ့ပါတယ်။
ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ အိုးထရက်ဖို့ဒ် နည်းပြ သက်တမ်းတစ်လျှောက် ရာသီတိုင်းမှာ အနည်းဆုံး လိဂ်ပွဲ ၃ ပွဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဆာ အဲလက်စ် ဖာဂူဆန် က သူနဲ့ အာစင် ဝင်းဂါး တို့ရဲ့ နည်းပြဘဝ စတင်ခဲ့ပုံကိုလည်း ရေးသားခဲ့ပြီး သူတို့နှစ်ဦးစလုံး အသက် ၃၀ ကျော် အရွယ်မှာ စတင်ခဲ့ကြတာကို ပြန်လည်အမှတ်ရခဲ့ပါတယ်။
အရာအားလုံးကို သူတို့ဘာသာ လုပ်ဆောင်ခဲ့ကြရပြီး အချက်အလက် သုံးသပ်သူတွေ သို့မဟုတ် အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေ မရှိခဲ့ကြောင်း ထပ်လောင်း ရေးသားထားပါတယ်။
“သူနဲ့ ကျွန်တော် နည်းပြစလုပ်ချိန်တုန်းက – သူက ပြင်သစ်က နန်စီမှာ၊ ကျွန်တော်က စကော့တလန်က အိစ် စတာလင်ရှိုင်းယား မှာပါ – အဲဒီတုန်းက ကျွန်တော်တို့ အသက် ၃၀ ကျော် ရွယ်တွေပဲ ရှိပါသေးတယ်။ ကျွန်တော်ရယ်၊ ကစားသမားတွေရယ်၊ ရွှံ့ဗွက်ထနေတဲ့ ကွင်းတွေရယ်ပဲ ရှိခဲ့တာပါ – အချက်အလက် သုံးသပ်သူတွေ၊ အာဟာရ ကျွမ်းကျင်သူတွေ၊ အားကစား သိပ္ပံပညာရှင်တွေ၊ စပို့တင်းဒါရိုက်တာတွေ သို့မဟုတ် နည်းပညာဒါရိုက်တာတွေ လုံးဝ မရှိခဲ့ပါဘူး။
ရုပ်မြင်သံကြား ကင်မရာတွေနဲ့ နာရီပေါင်းများစွာ သုံးသပ်ပြောဆိုမှုတွေလည်း မရှိခဲ့ပါဘူး။ အဲဒါဟာ ဘောလုံးရဲ့ မူလလက်ငင်း ရိုးရှင်းတဲ့ ပုံစံပါပဲ။”
မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဒီ နည်းပြနှစ်ဦး ဦးဆောင်ချိန်အတွင်း ပွဲပေါင်း ၄၉ ပွဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဆာ အဲလက်စ် ဖာဂူဆန် က ၂၃ ပွဲ အနိုင်ရရှိခဲ့ပြီး အာစင် ဝင်းဂါး က ၁၆ ပွဲ အနိုင်ရရှိခဲ့ပါတယ်။