လာမင်း ယာမားလ် ရဲ့ ၂ ဂိုးနဲ့အတူ ခရိုအေးရှားကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူကာ ပွဲ ၄၀ ဆက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့တဲ့ စပိန်
အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ပြီး ၄ ရက်အကြာမှာတော့ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းဟာ ခရိုအေးရှားအသင်းကို ဆီဗီးလ်မြို့မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး နေးရှင်းလိဂ် အုပ်စုထိပ်ဆုံးမှာ ၃ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့သလို သမိုင်းဝင် ရှုံးပွဲမရှိစံချိန်ကိုလည်း ပွဲ ၄၀ အထိ ပိုင်ဆိုင်ခဲ့ပါတယ်။
အင်္ဂလန်နဲ့ပွဲမှာတုန်းကလိုပဲ လာမင်း ယာမားလ် (Lamine Yamal) ဟာ ပွဲစလို့ ၂ မိနစ်မှာတင် အဲလက်စ် ဘေအဲနာ ရဲ့ ဖန်တီးပေးမှုကနေ စပိန်အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၂၈ မိနစ်မှာ အိုင်ဗန် ပေရီဆစ် ရဲ့ ဖြတ်တင်ဘောကနေ ဒိုင်ယွန် ဘဲလ်ဂျို (Dion Beljo) က ခေါင်းတိုက်ကာ ခရိုအေးရှားအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
ချေပဂိုး ပေးလိုက်ရအပြီး မိနစ်အနည်းငယ်အကြာ ပွဲချိန် ၃၁ မိနစ်မှာ ယာမားလ် ရဲ့ ထောင့်ကန်ဘောကနေ မားခ် ပူးဘီးလ် (Marc Pubill) က ခေါင်းတိုက်ကာ စပိန်အတွက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ လက်ရွေးစင် ပထမဆုံးဂိုး ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ ယာမားလ် ဟာ ဘာစီလိုနာ အသင်းဖော် ပက်ဒရီ နဲ့ ချိတ်ဆက်ကာ ခက်ခဲတဲ့ ဒေါင့်အကျဉ်းကနေ ဒုတိယမြောက် ဂိုးကို လှပစွာ သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်မှာတော့ မစ်ကယ် မေရီနို ရဲ့ ဖန်တီးပေးမှုကနေ နီကို ဝီလီယမ်စ် (Nico Williams) က ဧရိယာအတွင်းကနေ စပိန်အတွက် ၄ ဂိုးမြောက် အနိုင်ဂိုးကို ပြင်းထန်စွာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းဟာ ဒီနိုင်ပွဲကြောင့် နေးရှင်းလိဂ် အုပ်စုအတွင်း ၃ မှတ်အထိ ဖြတ်ပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့သလို သမိုင်းဝင် ရှုံးပွဲမရှိ စံချိန်ကိုလည်း ပွဲ ၄၀ အထိ စံချိန်တင် တိုးမြှင့်နိုင်ခဲ့ပါပြီ။