နာပိုလီ ၀-၁ အာဆင်နယ်(Full Time)

မာတင် အော်ဒီဂတ်ရဲ့ ဒုတိယပိုင်း လှပတဲ့ အဆုံးသတ်ဂိုးနဲ့အတူ အာဆင်နယ်အသင်းဟာ နာပိုလီအသင်းကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့ပါတယ်။

​ပြီးခဲ့တဲ့ ရာသီ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဥရောပပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ မီခေး အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့က စတာဒီယို ဒီယေဂို အာမန်ဒို မာရာဒိုးနား ကွင်းအတွင်း ပွဲချိန်တစ်လျှောက်လုံး အပြတ်အသတ် အသာစီးရယူ ကစားသွားခဲ့တာပါ။

​ပထမပိုင်းမှာ ဘူကာယို ဆာကာနဲ့ မယ်ရီနိုတို့ အကောင်းဆုံး အခွင့်အရေးအချို့ လွဲချော်ခဲ့ပေမဲ့ ပွဲချိန် ၁၅ မိနစ်အလိုမှာတော့ လက်ရှိ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင် အော်ဒီဂတ်က အနိုင်ဂိုးကို ပြင်းထန်စွာ ကန်သွင်းယူပေးခဲ့ပါတယ်။

​ပွဲစချိန်ကတည်းက အာဆင်နယ်တို့ အစွမ်းပြခဲ့ပြီး ဗစ်တာ ယောကရက်စ်ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ဆာကာက နောက်ပြန် ကန်သွင်းခဲ့ရာ ဂိုးသမား အဲလက်စ် မဲရက် ကာကွယ်သွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ကီဗင် ဒီဘရိုင်းနားရဲ့ အဝေးကန်ချက်ကို အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာ ပုတ်ထုတ်ခဲ့ရပါတယ်။

​အဲဒီနောက် ဆာကာရဲ့ ပေးပို့မှုကတစ်ဆင့် အီဘရယ်ချီ အက်ဇေးခေါင်းတိုက်ဖန်တီးပေးခဲ့တာကို မယ်ရီနို က အနီးကပ် ခေါင်းတိုက်ခဲ့ပေမဲ့ မဲရက် က အံ့ဩဖွယ် လက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့လို့ နာပိုလီတို့ ကံကောင်းစွာနဲ့ ဂိုးမပေးခဲ့ရပါဘူး။

​အာဆင်နယ်တို့ ပိုမိုဖိအားပေးလာချိန်မှာ အက်ဇေးရဲ့ ကန်ချက် ဘေးထွက်သွားခဲ့သလို ဘယ်နောက်ခံလူ ပီယာရို ဟင်ကာပီရဲ့ ဖြတ်တင်ဘောကလည်း မဲရက်ကို အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အော်ဒီဂတ်က ဆာကာထံ အကွက်မြင်မြင် ထိုးပေးခဲ့ပေမဲ့ ဆာကာ က အပေါ်ထောင်ကန်လိုက်တာကြောင့် ပထမပိုင်းရဲ့ အကောင်းဆုံး အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။

​ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဆက်လက်ဖိအားပေးခဲ့ပြီး အော်ဒီဂတ်ရဲ့ မတင်ပေးမှုကတစ်ဆင့် ဘင် ဝှိုက် ခေါင်းတိုက်ဆင်ပေးခဲ့တာကို ဟင်ကာပီ က ဂိုးဧရိယာအတွင်း ပိတ်သွင်းခဲ့ပေမဲ့ အပေါ်ကျော်ထွက်သွားခဲ့ပါတယ်။

​ဒါပေမဲ့ ပွဲချိန် ၇၅ မိနစ်မှာတော့ လူစားဝင်လာတဲ့ ခရစ်စတော့ ဇိုလစ်နဲ့ အော်ဒီဂတ်တို့ အပြန်အလှန် ပေးပို့ကစားအပြီးမှာ အော်ဒီဂတ်က ပင်နယ်တီ ဧိရိယာအစွန်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တဲ့ဘောလုံးက ဂိုးတိုင်ကို ထိပြီး ဂိုးအတွင်းဝင်ရောက်သွားခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

​ပွဲချိန် ၅ မိနစ်အလိုမှာ နိုနီ မာဒူအေကေ က အာဆင်နယ်အတွက် အနိုင်ဂိုးကို သေချာအောင် သွင်းယူနိုင်ခဲ့သင့်ပေမဲ့လည်း လူစားဝင်ဂိုးသမား ဗန်ဂျာ မီလင်ကိုဗစ်-ဆားဗစ် က ကာကွယ်သွားခဲ့ပြီး ဇိုလစ်ရဲ့ ထပ်မံကန်သွင်းချက်ကိုလည်း နာပိုလီခံစစ်က ဂိုးစည်းပေါ်ကနေ တားဆီးသွားခဲ့ပါတယ်။

​အဲဒီနောက် မီလင်ကိုဗစ်-ဆားဗစ် ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို ကိုင် ဟာဗတ်ဇ် က ပိတ်သွင်းယူခဲ့ပေမဲ့ လူကျွံနေခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆင်နယ်တို့ ပွဲပြီးတဲ့အထိ ထိန်းကစားနိုင်ခဲ့လို့ နေပယ်မှာ အရေးပါတဲ့ အဝေးကွင်း နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။

Ref: https://www.facebook.com/duwun.sports/posts/