အိုလီ ဝပ်ကင်းစ် ပေါင် ၅၁ သန်းနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာဆီ အပြီးသတ် ပြောင်းရွှေ့

အိုလီ ဝပ်ကင်းစ်ဟာ အက်စတွန်ဗီလာကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာဆီ ပေါင် ၅၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သွင်းဂိုး ၉၁ ဂိုးနဲ့ အက်စတွန်ဗီလာရဲ့ စံချိန်တင် သွင်းဂိုးရှင် ဖြစ်သူ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ သုံးနှစ် သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဗီလာ အသင်းမှာ ခြောက်နှစ်ကြာ ကစားခဲ့စဉ်အတွင်း ဝပ်ကင်းစ်ဟာ နည်းပြ အူနိုင်း အမ်မရီ လက်အောက် မှာ အသင်း ရဲ့ တိုးတက်လာမှု အတွက် အဓိက အခန်းကဏ္ဍ မှ ပါဝင်ခဲ့ပြီး၊ အသင်းကို ပုံမှန် ထိပ်သီး ခြောက်သင်း စာရင်းဝင် ပြိုင်ဘက်အဖြစ် ခြေကုတ်ယူနိုင်စေခဲ့သလို ၄၄ နှစ်အတွင်း အသင်း ရဲ့ ပထမဆုံး ဥရောပ ဖလား ဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ဗီလာရဲ့ ပရီးမီးယားလိဂ် ရာသီဖွင့် ပွဲစဉ်မှာ ဝတ်ကင်းစ် ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး၊ ဒီအတွက် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးက ပြန်လည် တောင်းပန်ခဲ့တယ်လို့ အမ်မရီ က ပြောပါတယ်။

“ပထမဦးဆုံးအနေနဲ့ ပြောချင်တာက အက်စတွန်ဗီလာက ကျွန်တော့်ရဲ့ အချိန်တွေဟာ ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ မရည်ရွယ်ခဲ့သလို တွေးလည်း မတွေးမိခဲ့ပါဘူး” လို့ ဝပ်ကင်းစ် က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

“ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ခြောက်နှစ်တာအတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ကစားသမားတယောက် အဖြစ်တင် မကဘဲ လူတယောက် အဖြစ်ပါ ကျွန်တော့်ကို ပုံဖော်ပေးခဲ့လို့ပါ။

“ဒီမှာ ရှိခဲ့တဲ့ ခြောက်ရာသီအတွင်း အနိမ့်အမြင့်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရပေမဲ့ မပြောင်းလဲခဲ့တဲ့ အရာတခုကတော့ ကျွန်တော် ဒီကလပ်အတွက် အရာရာကို ပေးဆပ်ခဲ့တာပါပဲ။”

နည်းပြ အမ်မာရီ ကတော့ “အံ့သြဖွယ်ကောင်းတဲ့” ဝပ်ကင်းစ် ကို နှုတ်ဆက်ချိန်မှာ မျက်ရည်စို့ခဲ့ရတယ်လို့ ပြောပါတယ်။ ဝပ်ကင်းစ် ဟာ ဒီနွေရာသီမှာ မော်ဂန် ရော့ဂျာစ်၊ အက်ဇရီ ကွန်ဆာ၊ ယိုရီ တီလီးမန်းစ် နဲ့ လူကတ်စ် ဒီးနေးတို့ ပြီးနောက် ဗီလာ အသင်းမှ ထွက်ခွာခဲ့တဲ့ နောက်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အယ်လ်ဟီလာမှာတော့ ဝပ်ကင်းစ် ဟာ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းသွားအပြီး ထွက်ခွာလာတဲ့ ဒတ်ချ် တောင်ပံကစားသမား ခရစ်ဆန်စီယို ဆမ်မာဗီးလ် နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

“လီဗာပူးလ်ကို ၇-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ဂိုးတွေကနေ အသင်းကို ဥရောပပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တာ၊ ဗီလာပါ့ခ် ကွင်းထဲက ချန်ပီယံလိဂ် ညချမ်းတွေကနေ အစ္စတန်ဘူးလ် က မမေ့နိုင်စရာ ညတညနဲ့ ဗီလာရဲ့ စံချိန်တင် ပရီးမီးယားလိဂ် ဂိုးသွင်းရှင် ဖြစ်လာခဲ့တာတွေအထိ ဖြစ်ပါတယ်” လို့ သူက ထပ်မံ ပြောကြားခဲ့ပါတယ်။

“ဒါဟာ အသင်းနဲ့ စာချုပ်ချုပ်ဆိုစဉ်တုန်းက ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် တခါမှ မတွေးဖူးခဲ့တဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။

“ဒီနေရာမှာ ကျွန်တော့်ရဲ့ ကစားသမားဘဝအချိန်တွေကို ကူညီပေးခဲ့ကြတဲ့ ဒင်း စမစ်၊ စတီဗင် ဂျရတ်နဲ့ အထူးသဖြင့် ကျွန်တော့်အပေါ် အမြဲတမ်း ယုံကြည်ပေးခဲ့တဲ့ အူနိုင်း အမ်မာရီ အပါအဝင် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။

“ကျွန်တော့်ရဲ့ ကလေးနှစ်ယောက်ကို ဒီမှာပဲ မွေးခဲ့တာပါ။ ပြီးတော့ သူတို့လေးတွေ ကွင်းအတွင်းဆီ လမ်းလျှောက်ဝင်လာချိန်မှာ ကျွန်တော့်ရဲ့ မိသားစုနဲ့ ကလေးတွေရှေ့မှာ ပရိသတ်တွေက ကျွန်တော့် နာမည်ကို သီချင်းဆို အားပေးခဲ့ကြတာက ကျွန်တော့်ရင်ထဲ မှာ ထာဝရ တည်ရှိနေမယ့် အရာပဲ ဖြစ်ပါတယ်။”

Ref: https://www.facebook.com/mizzimaSports/posts/